Saturday, November 1, 2008

အမေသို့

                   အမေသို့….

 

အမေ..

ဒီဇင်ဘာ ၂ ရက်နေ့က

ကျွန်တော့်မွေးနေ့ တိတ်တိတ်လေး သတိရတယ်။

အမေ..

ကျွန်တော့်အတွက်တော့

အမေ့ဆီက လက်ဖြန့်တောင်းရသလောက်

ဘယ်ဟာမှ မလွယ်ပါဘူး။

အမေ..

အဖေပေးခဲ့တဲ့အမွေက

မာကျောပေမယ့် သမ္မာအာဇီဝ ကျပါတယ်။

အမေ..

အသက်ကြီးမှ ဘ၀စရတာ တွေးမိတိုင်း

လျော့တွဲကျနေတဲ့ အမေ့ နားထင်ကြောတွေနဲ့

ဖြူဖွေးကုန်ပြီဖြစ်တဲ့ အဖေ့ဆံပင်တွေကို

ဝမ်းနည်းတယ်။

အမေ..

အိပ်ယာဝင်တိုင်း မကန်တော့ဖြစ်ပေမယ့်

ကန်တော့တဲ့အခါတိုင်း

ဦးတိုက်ခဲ့ပါတယ်။

အမေ..

ကျွန်တော့်အကြွေးတွေ မဆပ်နိုင်သေးတဲ့ဘ၀မှာ

အမေတို့အကြွေးတွေ နောက်ကျခဲ့တာ

ခွင့်လွှတ်ပေးပါ။

အမေ..

တဖြည်းဖြည်းဝေးခဲ့ရတဲ့

မိသားစုထမင်းဝိုင်းဟာ

အခုထိ အေးစက်နေတုန်းလား။

အမေ..

မကြာမကြာ သတိတော့ရပါတယ်

အဆင်ပြေရင်တော့

ဒီဝါမဆိုခင် ပြန်ခဲ့မယ် အမေ…။  

           နွေသူရ

         (၀၂၊၀၁၊၂၀၀၆)

(တင်ပြီးသားပို့စ်လးပါပဲ....အမေနဲ့မိသားစုကိုခွဲခွါနေကြရတဲ့၊လွမ်းဆွတ်နေကြရတဲ့..သူငယ်ချင်းများအတွက်...) 

11 comments:

အညတြ (ခေတ္တ နယူးယောက်ခ်) said...

အနှစ် သာ ရ အ ရမ်း ရှိ တဲ့ ကဗျာ ဘဲဗျာ။ဝါ မ ဆို ခင် မြန် မြန် ပြန် နိုင် ပါ စေ လို့ ဆုတောင်း ပေး ပါ တယ်။

မသက်ဇင် said...

နွေသူရရေ----
"အမေသို့" ကဗျာလေးကိုဖတ်ပြီးရင်ထဲမှာ
ဆို့နင့်လာတယ်---
အမေ---
တဖြည်းဖြည်းဝေးခဲ့ရတဲ့
မိသားစုထမင်းဝိုင်းဟာ
အခုထိ အေးစက်နေတုန်းလား။

ဒီအပိုဒ်ကို ရောက်တော့လေ---ပါးပြင်မှာ--
မျက်ရည်တွေ နဲ့ ပေါ့---ကိုယ်ချင်းစာမိပါသည်--
အမေ့အိမ်လေးနဲ့ အမေ့ထမင်း ဝိုင်းလေးကို
လွမ်းမော တမ်းတရင်း
အမေ့ကျေးဇူး ဆပ်နိုင်သော သားသမီးများ
ဖြစ်ကြပါစေ----
အမေ့ကဗျာ--အနုပညာများ ဖန်တီးနိုင်ကြပါစေ---
ခင်မင်လျက်
မသက်ဇင်

sait phay yar said...

အမေ.. အကြောင်းတွေကြားရင် တွေးမိရင် ရင်ထဲဘယ်လိုမှန်းမသိအေင်ဘဲနော်..ဒီကဗျာလေးအတွက်
ကျေးဇူးတင်ပါတယ်။

ဝါ၀ါခိုင်မင်း said...

တဖြည်းဖြည်းဝေးခဲ့ရတဲ့

မိသားစုထမင်းဝိုင်းဟာ

အခုထိ အေးစက်နေတုန်းလား။

အမေ..

ကဗျာလေးဖတ်ပြီး ခံစားရပါတယ် မောင်လေး။

မေမေကို လည်း ပိုလွမ်းမိသွားပါတယ်။
အမေ့ကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာလေးဖြစ်ပါစေ
မောင်လေးနွေသူရ ရေ..

ခင်တဲ့
မမ၀ါ

ခေါင်ခေါင် said...

ကျွန်မအိမ်ကို သတိရနေတုန်းမှာ...
ကျွန်မ အမေ့ကို အရူးအမူးတမ်းတနေတုန်းမှာ..
ဒီကဗျာလေး ကိုဖတ်လိုက်ရလို့..
မျက်ရည်တောင်ကျမိပါတယ်...
ကျေးဇူးတင်ပါတယ်ရှင်

အရုပ်ကလေး said...

ကိုသူရရေ..
ကဗျာလေးလေး ကောင်းပါတယ်
မွေးမိခင်နဲ့ ဝေးနေရသူတွေမို့ ထပ်တူထပ်မျှ
မိဘကို သတိရမှုတွေ ကြီးစိုးနေတာ ကိုယ်ချင်းစာမိပါတယ်
မိဘကို ချစ်သော သားတစ်ယောက်
အဆင်ပြေမှုတွေနဲ့ အတူ မွေးမေဆီကို မြန်မြန်
ပြန်နိုင်ပါစေလို့ ဆုတောင်းရင်း ..

အိမ် said...

ကဗျာလေးကိုဖတ်ပြီး ခံစားလိုက်ရတယ်ဗျာ
အရမ်းကိုကောင်းတဲ့ ကဗျာလေးဗျာ သဘောအရမ်းကျတယ်
အခုလို ကဗျာမျိုးတွေအများကြီးရေးနိုင်ပါစေဗျာ
၁၅၀၀ထက် ၅၂၈ကဗျာလေးတွေက ရင်ကိုပိုထိတယ်ဗျ

December Cinderella said...

နွေသူရ ..
ငါလဲ ဒီမှာ ၅နှစ်ပဲ နေမှာ ..ပြီးရင် မြန်မာပြည်ပြန်ပြီး စာတွေဆက်ရေးတော့မှာ ..
ငါတို့ချစ်တဲ့မြေမှာပြန်ဆုံကြမယ် ...
ငါတို့ချစ်တဲ့ မိသားစုနဲ့ ..နော်

အမေ ..
Mc'Donal က ဘာဂါတစ်ချပ်
အမေချက်တဲ့ ငါးပိချက်တစ်ခွက်နဲ့ လဲချင်တယ် ..

အမေ ..
လူတွေစုံတဲ့ Shopping Mall တွေအစား
ကျွန်မတို့ အိမ်သေးသေးလေးကို တအားလွမ်းတယ် ...

အမေ ..
တခါတလေ နားမလည်တဲ့ အသံတွေကြား
ဆွေမျိုးတွေရဲ့ စကားဝိုင်းလေးကို တမ်းတတယ် ...

အမေ ..
ပကာသနတွေနဲ့ ဟန်ဆောင်မှုတွေကြားကနေ
အမေ့ဆီကို အပြေးပြန်လာမဲ့ တနေ့ ...
မနက်ဖြန်တွေကြားထဲမှာ ...
ရှိကိုရှိမှာပါ အမေ ...

အိမ်မက်ရှင် said...

အမေ့အိမ်ရဲ့ အဝေးကိုရောက်နေတဲ့ သားတစ်ယောက်အနေနဲ့ ဒီကဗျာလေးကို အရမ်းခံစားလိုက်ရပါတယ်။ Heart ထိသွားတယ်ဗျာ။ သိပ်ကောင်းတဲ့ ကဗျာရယ်ပါပဲ။ အတူတူပါပဲဗျာ။

အလင်းစေတမန် said...

မိသားစုနဲ. အေးအေးချမ်းချမ်း နေနိုင်ကြပါစေ ကိုယ်ချင်းစာပါတယ်

ဗီလိန် said...

ကျွန်တော့်အကြွေးတွေ မဆပ်နိုင်သေးတဲ့ဘ၀မှာ
အမေတို့အကြွေးတွေ နောက်ကျခဲ့တာ
ခွင့်လွှတ်ပေးပါ။

တိုက်ဆိုင်လိုက်တာဗျာ။ :)