သူငယ်ချင်း
ကြဲချလိုက်တဲ့ မျိုးစေ့တွေလိုပဲ
ကျရာနေရာမှာကြီးပြင်းခဲ့ရ
တချို့လည်းစိမ်းလန်း
တချို့လည်းညှိုးနွမ်း
သူငယ်ချင်းဆိုတာ ထင်တာထက်ဆန်းကြယ်တယ်..။
ကျောင်းတော်ရဲ့ အဝေးမှာ
အရိုးဆွေးသူတွေဆွေး
အလှမ်းဝေးသူတွေဝေး
ပြန်ဆုံရင် ရင်ခုန်ရပေမယ့်
အမြင်အာရုံခြင်း၊ အသံထွက်ပုံချင်းက
ထန်းရည်နဲ့ ကော့ခ်ညက်လို
တက်ပုံချင်းကကွာတယ်..။
ဝမ်းသာမှုတွေ ဝေမျှလို့ရပေမယ့်
ဝမ်းနည်းမှုတွေကိုတော့ ခံစားလို့ မရနိုင်တော့ဘူး..။
ဘ၀မာရသွန်ပွဲမှာ
ပန်းတိုင်ကဘာလဲ
ဆုလာဘ်ကဘာလဲ
ဘယ်သူတွေ ရှေ့ဆုံးရောက်လို့
ဘယ်သူတွေနောက်တော်ကျခဲ့ပြီလဲ….။ ။
နွေသူရ
၃၀၊၁၀၊၂၀၀၇
