Showing posts with label စီးမျောခြင်းသံစဉ်. Show all posts
Showing posts with label စီးမျောခြင်းသံစဉ်. Show all posts

Saturday, January 17, 2009

စီးမျောခြင်းသံစဉ်

စီးမျောခြင်းသံစဉ်

လူတစ်စုရဲ့အပူက လူတစ်စုကိုလာဟပ်တယ်
ငါ့ကိုယ်ပေါ်မှာ မီးတောက်တွေ တဖွားဖွား
ငါ့သွေးထဲမှာ မီးပွားတွေတလွင့်လွင့်

ခေတ်တစ်ခုရဲ့ အရှိန်ထဲမှာ ငါတို့မျောခဲ့ကြ
တကယ်တမ်းပြောရရင်
ငါတို့ကိုယ်ငါတို့ မျှောခဲ့ကြ

သမိုင်းအပြောင်းမှာသူရဲကောင်းတွေ ပေါ်လာမှာပဲ
သက်ကြီးစကားသက်ငယ်ကြားကတည်းက
ငါတို့သမိုင်းနံရံမှာတော့ အမှားတွေအထပ်ထပ် ရေးဖြစ်ခဲ့ပြီ

စင်ပေါ်တက်ချိန်မှာ
စင်အောက်ကမျက်နှာချိုသလား၊ ခါးသလား
၁၀ နှစ်ကျော်စွဲကပ်ခဲ့တဲ့ ကြပ်ခိုးတွေဟာ
ခေါင်းထဲမှာ ပြည့်ကြပ်ကုန်ပြီ

ဒီလက်တွေနဲ့ ဒီလက်တွေကိုကမ်းခဲ့ကြ
ပြီးတော့ ဒီလက်တွေနဲ့ပဲ ၀ါးကူထိုးခဲ့
အဖတ်ဆယ်မရတော့တဲ့ ဒီတွင်းနက်တွေထဲမှာ
ဦးနှောက်တွေလည်းယိုစီးကျပေါ့

စီးမျောပြီးရင်းစီးမျောခဲ့တာ
ဇာတ်သိမ်းခန်းရောက်မှ ပိုးဖလံတွေဖြစ်မှန်းသိရတော့တယ်
မီးတောက်တွေကတော့ အခုထိလှပနေတုန်းပဲ…….။

နွေသူရ
၀၆၊၀၁၊၂၀၀၉