Showing posts with label ပျံသန်းခြင်း-၂၁. Show all posts
Showing posts with label ပျံသန်းခြင်း-၂၁. Show all posts

Sunday, August 24, 2008

ပျံသန်းခြင်း-၂၁

`ပျံသန်းခြင်း-၂၁´


အမေပေးတဲ့လက်တွေနဲ့


ရိုးသားစွာ ဆွတ်ခူးခဲ့ပါတယ်....။


ဒဏ်ရာတွေ တွက်ရေလိုက်တိုင်း


သက္ကရာဇ်တွေ ဒုန်းဆိုင်းခဲ့ရ


နှလုံးသားတွေ အရိုးပြိုင်းပြိုင်းထခဲ့ရနဲ့


လွမ်းမောစွာ ဖြတ်သန်းခဲ့ရတယ်…။


ခရီးတွေကျွံခဲ့ပြီ


ဒီဇင်ဘာတိုင်းဟာ ခေါက်ရိုးမညီခဲ့ပါဘူး..


ရူးသွပ်စွာ ရဲရင့်ခဲ့တယ်


ပျော့ညံ့စွာ ဖမ်းစားခံခဲ့ရတယ်…။


ဒီလိုပါပဲ အမေ..


ဘ၀ဟာ အောင်စာရင်းတစ်ခုလို


အကောင်းဆုံးချည်း မျှော်လင့်ခဲ့ကြတာပဲ...။


မသိစိတ်နဲ့ ရှင်သန်ရင်း


အနာဂါတ်ကို အိပ်မက်နဲ့ခင်းခဲ့ရတယ်…။


ပြတင်းပေါက်တွေဖွင့်ပြီး


နှစ်တိုင်း ကျွန်တော်ကြိုခဲ့တယ် အမေ..


ထွက်သက်တွေ စည်းချက်လွဲသည်အထိ


`ပီတိ´ တစ်ခုနဲ့ မှတ်တိုင်ထူချင်တယ်…။


အတွေးတွေညဉ့်နက်တော့မယ်..


အရှေ့ဘက်ကိုမျှော်ကြည့်လိုက်စမ်းပါ အမေ..


မြေစမ်း ခရမ်းပျိုးခဲ့တာ နှစ်ဆယ့်တစ်


ရာစုသစ်တစ်ခုကိုထူထောင်ရင်း


အောင်ပွဲတွေ မသီနိုင်ပေမယ့်


ကေသရာလို အင်အားတစ်ခုတော့


ကျွန်တော်ဖြစ်အောင်ပြုမယ် အမေ…။ ။


နွေသူရ

၁၁၊၁၂၊၂၀၀၁