Saturday, January 17, 2009

စီးမျောခြင်းသံစဉ်

စီးမျောခြင်းသံစဉ်

လူတစ်စုရဲ့အပူက လူတစ်စုကိုလာဟပ်တယ်
ငါ့ကိုယ်ပေါ်မှာ မီးတောက်တွေ တဖွားဖွား
ငါ့သွေးထဲမှာ မီးပွားတွေတလွင့်လွင့်

ခေတ်တစ်ခုရဲ့ အရှိန်ထဲမှာ ငါတို့မျောခဲ့ကြ
တကယ်တမ်းပြောရရင်
ငါတို့ကိုယ်ငါတို့ မျှောခဲ့ကြ

သမိုင်းအပြောင်းမှာသူရဲကောင်းတွေ ပေါ်လာမှာပဲ
သက်ကြီးစကားသက်ငယ်ကြားကတည်းက
ငါတို့သမိုင်းနံရံမှာတော့ အမှားတွေအထပ်ထပ် ရေးဖြစ်ခဲ့ပြီ

စင်ပေါ်တက်ချိန်မှာ
စင်အောက်ကမျက်နှာချိုသလား၊ ခါးသလား
၁၀ နှစ်ကျော်စွဲကပ်ခဲ့တဲ့ ကြပ်ခိုးတွေဟာ
ခေါင်းထဲမှာ ပြည့်ကြပ်ကုန်ပြီ

ဒီလက်တွေနဲ့ ဒီလက်တွေကိုကမ်းခဲ့ကြ
ပြီးတော့ ဒီလက်တွေနဲ့ပဲ ၀ါးကူထိုးခဲ့
အဖတ်ဆယ်မရတော့တဲ့ ဒီတွင်းနက်တွေထဲမှာ
ဦးနှောက်တွေလည်းယိုစီးကျပေါ့

စီးမျောပြီးရင်းစီးမျောခဲ့တာ
ဇာတ်သိမ်းခန်းရောက်မှ ပိုးဖလံတွေဖြစ်မှန်းသိရတော့တယ်
မီးတောက်တွေကတော့ အခုထိလှပနေတုန်းပဲ…….။

နွေသူရ
၀၆၊၀၁၊၂၀၀၉

Friday, January 9, 2009

နွေသူရသို့ ...အိတ်ဖွင့်ပေးစာ

နွေသူရသို့….အိတ်ဖွင့်ပေးစာ

 

ဘ၀ကနက်လာလေလေ

အိမ်ပြန်တံခါးဝတွေ  ပိုကျဉ်းသွားလေလေ

တိုးရင်းဝှေ့ရင်းနဲ့ပဲ

အလျင်းသင့်သလို ဖြတ်သန်းခဲ့ကြ

တိုးရင်းဝှေ့ရင်းနဲ့ပဲ

ပြီးဆုံးကြောင်း ကြေညာခဲ့ကြ

၉၈ ကနေ ၂၀၀၈

ဘာတွေဘယ်လောက်ချန်ထားရစ်ခဲ့

မင်းလေထုဟာသန့်စင်ရဲ့လား

မင်း ကဗျာတွေကရော အဆိပ်တောက်ကင်းစင်ရဲ့လား

မင်းဟာ  မင်းနေရာနဲ့ရောတန်ရဲ့လား

………………………………

……………………………….

………………………………….

.......................................

မနေ့ကလမ်းတွေက ပိုကျဉ်းသွားပေမယ့်

မနေ့ကမျက်စိတွေက ပိုကျယ်လာနိုင်ပါ့မလား

မနေ့တုန်းကမင်းကရော မာန်မာနကင်းရဲ့လား 

၂၀၀၉ ရဲ့အက်ကြောင်းတိုင်းမှာ

ဘ၀က  ပိုပိုပြီးစေးပစ်လာနိုင်သလား

ရန်သူတွေက  ပိုပိုပြီးအေးစက်လာနိုင်သလား

သမားရိုးကျ အိမ်ပြန်ညတွေကရော

အရင်လိုနွေးထွေးပါ့ဦးမလား       

 

နွေသူရ

၀၇၊၀၁၊၂၀၀၉

 

 

 

Tuesday, January 6, 2009

အဝေးမြို့

အဝေးမြို့

 

ငြီးငွေ့ခြင်းမရှိပါဘူး

အဲဒီနေ့တွေဖြတ်သန်းခဲ့ရတာ

အတောင်ပံတွေကျိုးပဲ့သည်အထိ

ခရီးတစ်ခုပေါက် ပေါက်ခဲ့ကြပြီပဲ…….။

 

ပင်လယ်ကအစ ကောင်းကင်အဆုံး

လက်ထဲမှာလည်း အမုန်းအချစ်ရောထွေးလျက်ပေါ့

ညနက်နက်တွေထဲက တိုးထွက်ကြရင်း

မိတ်ရင်းတချို့လည်းကျန်ခဲ့ပြီ……..။

 

အရှုံးတွေအိတ်သွန်ဖာမှောက်လို့

နှလုံးသားတွေ ပြတင်းပေါက်ဖွင့်ချိန်မှာတော့

ညနေဟာသဂြိုဟ်ဖို့ပြင်နေပြီ…..။

 

ဆုံးရှုံးဖူးတာတစ်ခုမကမို့

ဘယ်သူမှ  မျက်ရည်မကျခဲ့ကြဘူး

လမ်းခွဲမှာ  လက်တွဲဖြုတ်ရသလို

အလွမ်းတွေဟာ အိုတယ်လို့မရှိပါဘူး....။


ပြန်ရောက်ခဲ့ချိန်မှာ…

လမ်းတွေဟာကြိုနေမယ်

ညတွေဟာကြိုနေမယ်

အားလုံးဟာနုပျိုမြဲပဲ…..။

 

ဒါဏ်ရာတွေ   ပြန်တူးဆွတာတောင်မှ

အဝေးမြို့ဟာ     အေးခဲမှာမဟုတ်သေးပါဘူး…..။     

 

နွေသူရ

၁၁၊၂၀၀၁