Thursday, October 9, 2008

မြို့လူ....အပိုင်း (၂)

မြို့လူ……အပိုင်း  (၂)

 

ကျဉ်းမြောင်းလေးလံ  ဒီမြို့နံရံတွေထဲမှာ

မောမောပမ်းပမ်းနဲ့  ငါတို့တတွေ

စိတ်ပျက်လက်ပျက်  ငိုခဲ့ကြဖူးတယ်…….။

 

ပျောက်ရှခဲ့တဲ့ လမ်းတွေပေါ်မှာတော့

ရင်ခုန်သံဆိုလို့

အလွမ်းပိတောက်တွေနဲ့

အနီရောင် စိန်ပန်းပွင့်တွေပဲ ရှိခဲ့တယ်….။

 

အနီးဆုံးကနေ  ဝေးခဲ့ကြပြီး

အဝေးဆုံးအရပ်ဆီကနေ

အောက်မေ့ခဲ့ကြဖူးတယ်……။

 

အက်ကွဲခဲ့ရတဲ့  သက္ကရာဇ်တွေထဲမှာတော့

အရောင်တွေ တဖြည်းဖြည်း   ပြောင်းခဲ့ကြတယ်….။

 

တချို့က  အဖြူ၊

တချို့က  အနက်

မတူညီတဲ့ လက်တွေများစွာ…...

 

တချို့က လဲကျ

တချို့က နင်းချ

မတူညီတဲ့ ကိစ္စများစွာ……

 

ဖြေရှင်းချက်မရှိတဲ့ လမ်းတွေပေါ်မှာတော့

မင်းရောငါပါ ပျော်ဝင်ခဲ့ဖူးတယ်…….။

 

သိုးတွေဟာ  ရိုးသားကြလျှင်

သိုးရေခြုံပဲ ဖြစ်ကြလိမ့်မယ်…….။

 

ကြက်ခြေခတ်တွေအောက်မှာမှ

အမှားတွေနဲ့ ဒူးထောက်လဲကျခဲ့တယ်….။

 

ပုံပြင်တွေ နိဂုံးချုပ်ခဲ့ပေမယ့်

ငါ့နှလုံးသွေး တစ်စက်ကတော့

ဒီမြို့ထဲမှာပဲ  ကျန်ခဲ့သေးတယ်…….။         

 

 

နွေသူရ

၂၃၊၀၇၊၂၀၀၇

 

( …..သူငယ်ချင်း `ဟိန်းမြတ်လင်္ကာ´ ရေးထားသော

` မြို့လူ အပိုင်း-၁´ အား  ဆက်လက် ဆင့်ပွား 

ခံစားရေးသားထားခြင်း ဖြစ်ပါသည်။…..)

1 comment:

မသက်ဇင် said...

အက်ကွဲခဲ့ရတဲ့ သက္ကရာဇ်တွေထဲမှာတော့
အရောင်တွေ တဖြည်းဖြည်း ပြောင်း ခဲ့ကြ တယ်….။

တပိုဒ်လုံးကောင်းတယ်---- အပေါ် ပိုဒ်လေး ကတော့ ---လှပ လွန်းတယ်---နွေသူရ ရေ---
မြန်မာစာပေ ယဉ်ကျေးမှု အတွက်--ကလောင်
ကောင်းတွေ အားမွေးနေကြတာ---ကျေနပ်
စရာပါလေ---အားပေးနေတယ်---ဆက်ရေးပါ။